Tuesday, April 19, 2011

ကြိုတင်ပြုမှ - တော်မည်ပေ


၁၊ ကြုံခဲလှစွာ ၊ သာသနာ ၊ ကြုံလာရပေပြီ ၊
၂၊ ရခဲပေစွ ၊ လူ့ဘ၀ ၊ မုချရပေပြီ ၊
၃၊ ခဲယဉ်းပေစွ ၊ ရှင်ရဟန်းဘ၀ ၊ ငါကားရပေပြီ ၊
၄၊ ပြည့်စုံဘို့ရာ ၊ ခဲယဉ်းပါ ၊ သဒ္ဓါရှိပေပြီ ၊
၅၊ ကြားနာခဲလှ၊ မြတ်ဓမ္မ ၊ နာရအလီလီ ၊
ခဲယဉ်းပေစွ ၊ ဒုလ္လဘဟု ၊ ဗုဒ္ဓဘုရား ၊ ဟောညွှန်ကြားသည့် ၊
တရားငါးဖြာ ၊ ပြည့်စုံပါလျက် ၊ ငါးဖြာအာရုံ ၊ ကာမဂုဏ်ကို ၊
စုံစုံမက်မက် ၊ နှစ်သက်လိုက်စား ၊ မေ့လျှော့ငြား ၊ ငါ့အားမတော်ပြီ။
ထို့ကြောင့်ဘုရား ၊ ဟောညွှန်ကြားသည့် ၊ တရားလမ်းမှန်၊ အားထုတ်ရန် ၊
ချိန်တန်လှပေပြီ ၊ ချိန်တန်ပါလျှက် ၊ ဆင်ခြေတက်၍ ၊ ရက်လနှစ်ရွှေ့ ၊
ပေါ့လျှော့မေ့က ၊ အိုရ နာရ သေဆုံးရနှင့်၊ ငိုရကြွေးရ ၊ ပူဆွေးရသည့် ၊
ဒုက္ခအတန်တန် ၊ နှိပ်စက်ခံ ၊ အဖန်ဖန်ဆင်းရဲမည် ။
သေဆုံးပြန်က ၊ ဘယ်ဘ၀ ၊ ရောက်ရမည်မသိပေ ၊
အရိယာဘ၀ ၊ မရောက်ကြမူ ၊ ဒေဝမနုဿ ၊ နိရယနှင့် ၊
ပေတတိရစ္ဆာန် ၊ ဤငါးတန်ဟု ၊ ဘဝစု ၊ တစ်ခုခုဖြစ်နိုင်ပေ ။
အသက် အနာ ၊ အချိန်ခါနှင့် ၊ သေရာဒေသ ၊ နောက်ဘဝကို ၊
မုချ ကျန ၊ မသိရ၍ ၊ ဒါနတစ်ဖြာ ၊ ဘာဝနာသီလ ၊ ကုသလကို ၊
ကိုယ်ကအရင် ၊ ဦးအောင်ပင် ၊ ကြိုတင်ပြုမှ ၊ တော်မည်ပေ ။ ။

No comments:

Post a Comment

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~