Monday, December 20, 2010

သုဓာဘုတ်

နတ်သုဒ္ဓါ
ဟု လူတို့ခေါ်ကြ ရေးကြသော်လည်း စာအရ-သုဓာ-သုဓာဘုတ်-ဟု ဆိုပါသည်။ ၄င်းမှာ နတ်တို့၏ရှေးကောင်းမှု အားလျော်စွာ မိမိဗိမာန်အနီး၌ ပေါ်ပေါက်လာသော ဒေ၀ဒုမမည်သော သစ်ပင်၏ အသီးအပွင့်တို့ ဖြစ်သည်။
ထိုသစ်ပင်မှသီးသော အသီးသည် သုဓာဘုတ်ပင် ဖြစ်သည်။ အပွင့်မှဖြစ်သည့် ပျားလပို့ကဲ့သို့သော ၀တ်ရက်သည် ပီယူသမည်၏။ ထိုသုဓာဘုတ်၊ ပီယူသ တို့ကား သိမ်မွေ့သော အတွေ့အရသာ သြဇာကြီးလှ သောကြောင့် နတ်၏ ကိုယ်ခန္ဓာကို အထောက်အပံ့ပြုလျက်သာ ပျံ့နှံ့၏။ ကျင်ကြီး ကျင်ငယ် မဖြစ်ပေ။ ဤသုဓာဘုတ်၊ ပီယူသတို့ကား တစ်ဘုံထက် တစ်ဘုံ သိမ်မွေ့ကောင်းမွန်သဖြင့် အထက်ဆုံးဖြစ်သော ၀သ၀တ္တီ ဘုံ၌ကား အသာလွန်၊ အကောင်းမွန်ဆုံးဖြစ်တော့သည်ဟု (သာရသင်္ဂဟ)ကျမ်း၌ ဆိုပေသည်။

ရှေးဆရာတော်ကြီးများ ဆုတောင်း

အတုယူဘို့ ကောင်းသဗျာ ၊ ပိဋကတ်တော်မှာ ဆုတောင်းဆုယူတွေ များစွာရှိတဲ့ထဲက ဒီဘ၀ နိဗ္ဗာန် မရနိုင်သေးမှာအတူတူ ပြုသမျှ ကုသိုလ် အခြေပြုလို့ ဒီလို ဆုတောင်း ဆုယူ နိုင်ကြရင် ဆိုတဲ့ သဘောနဲ့ပါ လေ့လာ ကြည်ညို ကြည့်ရအောင် --
မြတ်စွာဘုရား ပရိနိဗာန်စံပြီး နှစ်(၉၀၀)လောက်မှာ အရှင်မဟာဗုဒ္ဓဃောသက အဌကထာကျမ်းကြီးတွေ ရေးပြီးတော့ အဆုံးမှာ-
"လောကကြီး တစ်ခုလုံးကို မင်းတြားက တရားနှင့်လျှော်ညီစွာ ဆုံးမပါစေသတည်း "-တဲ့ ၊
အရှင်ဓမ္မပါလရဲ့ ဆုတောင်းထဲမှာတော့ " မိုးလည်း မှန်မှန် ရွာပါစေသတည်း ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများလည်း သူတော်ကောင်းတရားမှာ ပျော်မွေ့ပါစေသတည်း ၊ တိုင်းပြည်ကိုလည်း တရားသဖြင့် အုပ်ချုပ်ပါစေသတည်း" ၊
သာလွန်မင်းတြားကြီးလက်ထက် ၊ စစ်ကိုင်းတောင်ဖီလာဆရာတော်၏ ၀ိနယာလင်္ကာရ ဋီကာကျမ်းကြီးရဲ့ ကျမ်းပြီး နိဂုမ်းမှာ ဆုတောင်း(၂၃)ပုဒ်ထဲက "မဉ္ဖူသက နတ်ပန်းပင်ကြီးရဲ့ ရုက္ခဇိုဝ်းကြီးဘ၀နဲ့ ပိဋကသုံးပုံမှာ တွေဝေနေတဲ့ ပုဂ္ဂိုလ်တွေကို ကူညီပြီးတော့ ဖြေရှင်းရပါလို၏၊ ပဋိပတ်အကျင့်မှာ ခက်ခဲနေတဲ့ ပုဂ္ဂိုလ်တွေကို စောင့်ရှောက်ရပါလို၏ ၊သာသနာမြှောက်တဲ့ မင်းတွေကို ကူညီစောင့်ရှောက်ရပါလို၏ ၊ သာသနာကို နှိပ်ကွပ်တဲ့ မင်းတွေကို နှိမ်နင်းနိုင်ရပါလို၏ " တဲ့၊ တသီတတန်း အများကြီးပါဘဲ ၊
ဒီပဲရင်းဆရာတော်ကြီး ဆိုတာ ရွှေကျင်ဂိုဏ်း တတိယ သာသနာပိုင်ဆရာတော်ကြီးပါ ၊ ပရမတ္ထစက္ခုကျမ်းကိုရေးတော်မူပြီး အဆုံးမှာ ဆုတောင်းတော်မူပုံက အကြိုက်ဆုံး ဖြစ်မယ်ထင်ပါတယ်၊
၁၊" ငါသည် သူတစ်ပါး၏ အကျိုးစီးပွါးကို ဆောင်ရွက်နိုင်ရပါလို၏ ၊ ငါ့အကျိုးစီးပွါးကိုလည်း သူတစ်ပါးက ဆောင်ရွက်နိုင်ပါစေ ၊
၂၊ သူတစ်ပါး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်တာကို ဘယ်တော့မှ မလိုလား၊ မနှစ်သက် ၊ မဆောင်ရွက်ပါ ၊ သူတစ်ပါးကလည်း ငါစိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်တာကို မလိုလား ၊ မနှစ်သက် ၊ မဆောင်ရွက် ဖြစ်ပါစေ ၊
၃၊ ငါသည် အခြားသော သတ္တ၀ါတွေကို ဘယ်ဘ၀မှာမှ မညှဉ်းဆဲ မနှိပ်စက်ပါရ ပါစေနှင့် ၊ ငါ့ကိုလည်း သူတစ်ပါးက မညှဉ်းဆဲ မနှိပ်စက်ဘဲ ရှိပါစေ ၊
စသည်ဖြင့်ဗျာ ဆုတောင်းသွားလိုက်တာ ၊ ဘာရပါလို၏၊ ညာရပါလို၏ ဆိုမဲ့အစား တောင်းသွားလိုက်တဲ့ ဆုတွေ အားကျအတုယူဘို့ ကောင်းလိုက်တာလို့ ဆရာ့ဆရာတော်ကြီးတွေကို အားကျ အတုယူရင်း အားလုံး ဘေးရန်ကြောင့်ကြဆင်းရဲ ကင်း၍ စိတ်အေး ကိုယ်ခိုင် သာသနာ ပြုနိုင်ကြပါစေ ... ။

Saturday, December 4, 2010

မေတ္တာ "


"
ဗုဒ္ဓမြတ်စွာ ဘုရား ဟောကြားတော်မူထားတဲ့ မေတ္တာတရားတော်ဟာ အင်မတန်မှ ကောင်းမြတ်ပါတယ်၊
မေတ္တာဆိုတာ ၊ လိုတဏှာကင်းလို့ ၊
ချိုသာဖြောင့်စင်း ၊ အေးကြည်ပေ ၊
မေတ္တာ ဆိုတာ အလိုတဏှာ မပါဘူးတဲ့၊ တဏှာပါရင်လဲ မေတ္တာစစ် မဟုတ်ဘူးတဲ့ ၊ ငါဘေးကင်း ကျန်းမာ ချမ်းသာချင်သလို အားလုံးသောသတ္တ၀ါတွေလဲ ဘေးကင်း ကျန်းမာ ချမ်းသာကြပါစေ လို့ ကိုယ်ချင်းစာတဲ့ စိတ်ထားပြီး ပို့တဲ့ မေတ္တာကမှ တကယ့်မေတ္တာတဲ့ ၊
ပွားစီးထူထောင် ၊ အတူဆောင်ရွက်လို့ ၊
ပူလောင်စနက် ၊ ဖျက်ကင်းပေ ၊
မေတ္တာရှိသူချင်းဆိုလျှင် တစုတဝေးထဲ အတူဆောင်ရွက်လို့ ရတယ်တဲ့ ၊ မေတ္တာကင်းကွာတဲ့ သူတွေပါလာရင်တော့ အတူဆောင်ရွက်လို့ အဆင်ပြေနိုင်ပါဘူးတဲ့ ၊ အားလုံးမေတ္တာရှိဖို့ ၊ မေတ္တာနှင့်ဆက်ဆံဘို့ အရေးကြီးတယ် ၊ နောက်ပြီးတော့ မေတ္တာပွားနေသူဆိုလျှင် ပူလောင်မှုလဲ မရှိဘူး၊ မိမိနှင့် အတူ အခြားသူများကိုလဲ ကျန်းမာချမ်းသာစေလိုတဲ့ စိတ်ရှိတယ် ၊ သူတပါးကို စိတ်ဆင်းရဲအောင် မလုပ်ဘူး၊ မပြောဘူး၊ မိမိနှင့်တကွ သူတစ်ပါးချမ်းသာစေလို့တဲ့ စိတ်လည်းရှိတယ်၊ ပြောလည်းပြောတယ် ၊ ပြုလဲပြုတယ်။
စန်းငွေ စန်းရေ ၊ ဖြန်းဝေနှောလို့ ၊
ကိုယ်ရော စိတ်ရော၊ အေးကြည်ပေ
မေတ္တာဆိုတာ ကောင်းကင်က လရောင်ခြည်နဲ့လည်း တူတယ်တဲ့၊ လရောင်ခြည်ဟာ သူနှင့် တွေ့ထိသူ ၊ သူအောက် ရောက်လာသူ သတ္တ၀ါတွေကို အေးမြစေတယ် ၊ လင်းစေတယ် ၊ ကျန်တဲ့အရာတွေကိုလဲ အေးမြရွှင်လန်းစေတယ် ၊ စမ်းရေဆိုတဲ့ ကျောက်စရစ် ကြားမှ ထွက်လာတဲ့ရေဟာ သူကိုယ်တိုင်အေးမြသလို သူ့ကို သောက်ချိုးသုံးသူများကိုလဲ အေးမြ ကြည်လင်စေပါတယ် ၊ မေတ္တာဆိုတာဟာ ထိုနည်းတူပါဘဲ ။
ရန်ငြှိုးကင်းဝေး ၊ ငြိမ်းချမ်းရေ ၊ မနှေးရနိုင်ပေ ၊
အဲဒါကြောင့် -
သတ္တ၀ါချင်း ၊ မေတ္တာသွင်း ၊ ချစ်ခြင်းပွါးကြလေ ၊
ပွါးလေ ၊ ပွါးလေ …။
အဲဒီ မေတ္တာကို ပွါးများလို့ရှိရင် ရန်ငြှိုးတွေလဲ ကင်းဝေးတယ် ၊ ငြိမ်းချမ်းမှုလည်း ရတယ်၊ ကိုယ်တစ်ယောက်ထဲ မေတ္တာပွါးရင် ကိုယ်တစ်ယောက်ထဲ ငြိမ်းချမ်းတယ် ၊ မိသားစုတစ်စုလုံး ပွါးများရင် မိသားတစ်စုလုံး ငြိမ်းချမ်းတယ်၊ တစ်ရပ်ကွက် ၊ တစ်မြို့ ၊ တနယ် ၊ တနိုင်ငံလုံး ပွါးများရင် တရပ်ကွက် ၊ တစ်မြို့၊ တစ်နယ် ၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းမယ် ၊ မေတ္တာပွါး များသင့်ပါတယ်။
ကိုယ်ဖြင့် အမှန် ၊ ပြုစီမံတော့ ၊ ကာယကံမှု မေတ္တာပေ
နှုတ်ဖြင့် အမှန် ၊ စီမံပြောတော့ ၊ ၀စီကံမှု မေတ္တာပေ
စိတ်ဖြင့် အမှန် ၊ စီမံကြံတော့ ၊ မနောကံမှု မေတ္တာပေ
မေတ္တာသုံးပါး ၊ နေ့စဉ်ပွါး ၊ အများချမ်းသာပေ
အဲဒါကြောင့် သတ္တ၀ါချင်း ၊ မေတ္တာသွင်း ၊
ချစ်ခြင်း ပွားကြလေ ၊ ပွားလေ ၊ ပွားလေ ..။
မေတ္တာဆိုတာ စိတ်ထဲမှာ မေတ္တာစိတ်ဓာတ်တွေ တည်ရှိနေရင် ချမ်းသာစေချင်တဲ့ စကားတွေကို ပြောတယ် ၊ မမှန် အကျိုးမရှိတဲ့စကား ဘယ်တော့မှ မပြောဘူး၊ နားထောင်သူ မကြိုက်တဲ့ စကားလဲ မပြောဘူး၊ မေတ္တာနှင့်ယှဉ်တဲ့ စကားကိုဘဲပြောတယ်၊
မေတ္တာနှင့်ယှဉ်တဲ့ စကားဆိုတာ ကိုယ့်အတွက်လည်း အကျိုးရှိ ၊ သူတစ်ပါးအတွက်လဲ အကျိုးရှိတယ် ၊ အပြစ်ကင်းတယ် ၊ ချမ်းသာရတယ် အဲဒီ စကားမျိုးကိုပြောတာပါ ။
မေတ္တာစိတ်ရှိသူဟာ မျက်နှာလည်း ကြည်လင် အေးမြတယ်၊ ပြောပုံဆိုပုံ ပြုမူပုံတွေကလဲ ယဉ်ကျေးသိမ်မွေ့တယ်၊ စောင့်ရှောက်ကူညီတက်တယ် ၊ အားပေးစကားပြောကြားပေးတက်တယ်၊ ကိုယ်၏စောင်မခြင်း ၊ နှုတ်၏စောင်မခြင်းဆိုတဲ့ စိတ်ဓာတ်တွေဖြင့်လည်း အခါခပ်သိမ်း ကိန်းအောင်း တည်နေ ပြောဆို နေထိုင် ပြုမှုနေတက်တယ် ။
မေတ္တာအကျိုး(၁၁)မျိုးဆိုတာကတော့ လူတိုင်းသိဘီးသားပေမဲ့ လင်္ကာလေးတော့ မှတ်သင့်တယ်လို့ ထင်လို့ --
အိပ်ခါ နိုးခါ ၊ ချမ်းသာလျက်နဲ့ ၊
အိပ်မက်ဆိုးလဲ ၊ မမက်ပေ ၊
လူနတ်နှစ်သွင် ၊ ချစ်ခင်ကြလို့ ၊
နတ်ကောင်းများလဲ ၊ စောင့်ရှောက်ပေ ၊
မီးဘေးဆိပ်စာ ၊ ကင်းကွာလက်နက် ၊
စိတ်ငြိမ်သက်လို့ ၊ ဆင်းကြည်ပေ ….တဲ့
ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်သင့်ပါတယ်၊ မေတ္တာအကျိုးတွေ ကိုယ့်သန္တာန် ဘယ်လောက် ပြည့်စုံနေပြီလဲ ဆိုတာ ၊ ဘယ်လောက်လိုသေးလဲ ဆိုတာ၊ စစ်ဆေး ပြုပြင် ကျင့်ဆောင် ကြရပါမယ် ၊ တရားကျင့်ပွါးနေသူတွေ ၊ သာသနာပြုနေကြသူတွေ စသည်ဖြင့် မည်သူမဆို မေတ္တာ ပွားများနေမှ မိမိတို့အားထုတ် ပြုလုပ်ကြတဲ့ လုပ်ငန်းကိစ္စ အ၀၀ အဆင်ပြေ ချောမွေ့နိုင်ပါတယ် ။ ။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~