Monday, April 18, 2011

သုဝဏ္ဏဘူမိ


သုဝဏ္ဏဘူမိ
ဆိုတာ သထုံပြည်လို့ အများဆိုကြသော်လည်း အချို့ဆရာတို့ကား ယိုဒယားပြည်လို့ ဆိုကြပြန်ရော၊ သီဟိုဠ်(စင်ဟာဠ)ဘာသာဖြင့်ရေးထားသော မဟာဝံသမှာတော့ သုဝဏ္ဏဘူမိဆိုတာ မြန်မာပြည်(သထုံ)လို့ဘဲ ဆိုသင့်ပါတယ်လို့ ဖေါ်ပြထားပြန်ရော၊ ဘင်္ဂလားဒေ့ရှ်မှ ကဏ္ဏသုဝဏ္ဏအရပ်ကိုလည်း သုဝဏ္ဏဘူမိလို့ တချို့က ဆိုကြပြန်သေးတယ်၊ အများစုအနေနဲ့ကတော့ စုမတြား၊ ဂျားဗား၊ ဗာလီ၊ ဘိုနီယို၊ စင်္ကာပူ၊ ပသျှူးကျွန်း၊ ကမ္ဘောဒီးယား၊ လာအို၊ သထုံအပါအဝင် မြန်မာပြည်အောက်ပိုင်းနှင့် ယိုးဒယားတို့သည် သုဝဏ္ဏဘူမိအရပ်တွင်ပါဝင်ကြတယ်လို့ ယူဆကြပါတယ် ။
            ယိုးဒယားနိုင်ငံမှ  နဂေါရ်ပထုံ(နဂရပထမ) မြို့ဦးစေတီတော်ကြီး၌ ရှင်သောဏ-ရှင်ဥတ္တရမထေရ်တို့၏ ဓာတ်တော်များ ကိန်းဝပ်လျှက်ရှိကြောင်းကိုတော့ သီဟိုဠ်ကျွန်း ဝိဇ္ဇာလင်္ကာရ တက္ကသိုလ်ပါမောက္ခ ဒေါက်တာသီဝလိ၏ ဗုဒ္ဓဘာသာသမိုင်း စာအုပ်မှာ ဖေါ်ပြထားပါသေးတယ်၊ ဘယ်လိုနည်းနဲ့ ရောက်ရှိ ကိန်းဝပ်သည်ကိုတော့ မသိရှိရပေ ။
            သုဝဏ္ဏဒီပ နှင့် သုဝဏ္ဏဘူမိ  အိန္ဒိယနိုင်ငံ မဓဂတိုင်း ၊ ရာဇဂြိုဟ်နှင့် ၇-မိုင်ကွာအဝေးရှိ နာလန္ဒာတက္ကသိုလ်ဟောင်းကြီးမှ တူးဖေါ်ရရှိသော ကြေးပုရပိုဒ်မှာ သုဝဏ္ဏဒီပခေါ် စုမတြားကျွန်းဘုရင် သီရိဗလပုတ္တဒေ၀ က ရာဇဂြိုဟ်ခရိုင် ဂယာစီရင်စု ငါးရွာကို မိမိပိုင် စုမတြားကျွန်းမှ ရွာငါးရွာနှင့်လဲလှယ်ပြီးတော့ နာလန္ဒာကျောင်းတော်ကြီးအား လှူဒါန်းကြောင်း တွေ့ရတာကို ထောက်ထားပြီးးတော့ သုဝဏ္ဏဒီပအမည်ကို အမှီပြုကာ သုဝဏ္ဏဘူမိဆိုတာ သုဝဏ္ဏဒီပခေါ် စုမတြားကျွန်း ဖြစ်သင့်တယ်လို့ ယူဆကြပါသေးတယ်။
အမှန်ကတော့ သုဝဏ္ဏဘူမိဆိုတာ သထုံအပါအဝင် မြန်မာပြည်အောက်ပိုင်းနှင့် ယိုးဒယား ၊ ကမ္ဘောဒီးယား၊ လာအို၊ စုမတြားစတဲ့ မြေသြဇာကောင်းလို့ ဆန်ရေစပါး ပေါ်များရကား ရွှေမြေ ၊ ရွှေတိုင်းပြည်၊ ရွှေဖြင့် ပြီးသောမြေ ဟု တင်စား ခေါ်ဝေါ်ကြတာဖြစ်တယ်လို့တော့ ဟေဋ္ဌိမ မြန်မာ့ဒေသေန အယောဇ္ဈ ကမ္ဘောဇာဒယော ၊ သမ္မတာ သောဝဏ္ဏဘူမီတိ၊ ဣတိ သလက္ခယေ ဝိဒွါ = မဟာဝိသုတာရာမ နိကာယသာသနာဝင် (၁၃၆) ကို  ကိုးကား ဆိုချင်တယ် အခြားခိုင်လုံတဲ့ ကိုးကားချက်များရှိရင်လဲ ပညာရှင်များအနေဖြင့်  ဖြည့်စွက် အတည်ပြုလိုက ပို၍ ပို၍ တိကျနိုင်ဖွယ်ရာရှိပါကြောင်း ။   ။


No comments:

Post a Comment

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~