Tuesday, April 19, 2011

ကြိုတင်ပြုမှ - တော်မည်ပေ

၁၊ ကြုံခဲလှစွာ ၊ သာသနာ ၊ ကြုံလာရပေပြီ ၊
၂၊ ရခဲပေစွ ၊ လူ့ဘ၀ ၊ မုချရပေပြီ ၊
၃၊ ခဲယဉ်းပေစွ ၊ ရှင်ရဟန်းဘ၀ ၊ ငါကားရပေပြီ ၊
၄၊ ပြည့်စုံဘို့ရာ ၊ ခဲယဉ်းပါ ၊ သဒ္ဓါရှိပေပြီ ၊
၅၊ ကြားနာခဲလှ၊ မြတ်ဓမ္မ ၊ နာရအလီလီ ၊
ခဲယဉ်းပေစွ ၊ ဒုလ္လဘဟု ၊ ဗုဒ္ဓဘုရား ၊ ဟောညွှန်ကြားသည့် ၊
တရားငါးဖြာ ၊ ပြည့်စုံပါလျက် ၊ ငါးဖြာအာရုံ ၊ ကာမဂုဏ်ကို ၊
စုံစုံမက်မက် ၊ နှစ်သက်လိုက်စား ၊ မေ့လျှော့ငြား ၊ ငါ့အားမတော်ပြီ။
ထို့ကြောင့်ဘုရား ၊ ဟောညွှန်ကြားသည့် ၊ တရားလမ်းမှန်၊ အားထုတ်ရန် ၊
ချိန်တန်လှပေပြီ ၊ ချိန်တန်ပါလျှက် ၊ ဆင်ခြေတက်၍ ၊ ရက်လနှစ်ရွှေ့ ၊
ပေါ့လျှော့မေ့က ၊ အိုရ နာရ သေဆုံးရနှင့်၊ ငိုရကြွေးရ ၊ ပူဆွေးရသည့် ၊
ဒုက္ခအတန်တန် ၊ နှိပ်စက်ခံ ၊ အဖန်ဖန်ဆင်းရဲမည် ။
သေဆုံးပြန်က ၊ ဘယ်ဘ၀ ၊ ရောက်ရမည်မသိပေ ၊
အရိယာဘ၀ ၊ မရောက်ကြမူ ၊ ဒေဝမနုဿ ၊ နိရယနှင့် ၊
ပေတတိရစ္ဆာန် ၊ ဤငါးတန်ဟု ၊ ဘဝစု ၊ တစ်ခုခုဖြစ်နိုင်ပေ ။
အသက် အနာ ၊ အချိန်ခါနှင့် ၊ သေရာဒေသ ၊ နောက်ဘဝကို ၊
မုချ ကျန ၊ မသိရ၍ ၊ ဒါနတစ်ဖြာ ၊ ဘာဝနာသီလ ၊ ကုသလကို ၊
ကိုယ်ကအရင် ၊ ဦးအောင်ပင် ၊ ကြိုတင်ပြုမှ ၊ တော်မည်ပေ ။ ။

Monday, April 18, 2011

သုဝဏ္ဏဘူမိ

သုဝဏ္ဏဘူမိ
ဆိုတာ သထုံပြည်လို့ အများဆိုကြသော်လည်း အချို့ဆရာတို့ကား ယိုဒယားပြည်လို့ ဆိုကြပြန်ရော၊ သီဟိုဠ်(စင်ဟာဠ)ဘာသာဖြင့်ရေးထားသော မဟာဝံသမှာတော့ သုဝဏ္ဏဘူမိဆိုတာ မြန်မာပြည်(သထုံ)လို့ဘဲ ဆိုသင့်ပါတယ်လို့ ဖေါ်ပြထားပြန်ရော၊ ဘင်္ဂလားဒေ့ရှ်မှ ကဏ္ဏသုဝဏ္ဏအရပ်ကိုလည်း သုဝဏ္ဏဘူမိလို့ တချို့က ဆိုကြပြန်သေးတယ်၊ အများစုအနေနဲ့ကတော့ စုမတြား၊ ဂျားဗား၊ ဗာလီ၊ ဘိုနီယို၊ စင်္ကာပူ၊ ပသျှူးကျွန်း၊ ကမ္ဘောဒီးယား၊ လာအို၊ သထုံအပါအဝင် မြန်မာပြည်အောက်ပိုင်းနှင့် ယိုးဒယားတို့သည် သုဝဏ္ဏဘူမိအရပ်တွင်ပါဝင်ကြတယ်လို့ ယူဆကြပါတယ် ။
            ယိုးဒယားနိုင်ငံမှ  နဂေါရ်ပထုံ(နဂရပထမ) မြို့ဦးစေတီတော်ကြီး၌ ရှင်သောဏ-ရှင်ဥတ္တရမထေရ်တို့၏ ဓာတ်တော်များ ကိန်းဝပ်လျှက်ရှိကြောင်းကိုတော့ သီဟိုဠ်ကျွန်း ဝိဇ္ဇာလင်္ကာရ တက္ကသိုလ်ပါမောက္ခ ဒေါက်တာသီဝလိ၏ ဗုဒ္ဓဘာသာသမိုင်း စာအုပ်မှာ ဖေါ်ပြထားပါသေးတယ်၊ ဘယ်လိုနည်းနဲ့ ရောက်ရှိ ကိန်းဝပ်သည်ကိုတော့ မသိရှိရပေ ။
            သုဝဏ္ဏဒီပ နှင့် သုဝဏ္ဏဘူမိ  အိန္ဒိယနိုင်ငံ မဓဂတိုင်း ၊ ရာဇဂြိုဟ်နှင့် ၇-မိုင်ကွာအဝေးရှိ နာလန္ဒာတက္ကသိုလ်ဟောင်းကြီးမှ တူးဖေါ်ရရှိသော ကြေးပုရပိုဒ်မှာ သုဝဏ္ဏဒီပခေါ် စုမတြားကျွန်းဘုရင် သီရိဗလပုတ္တဒေ၀ က ရာဇဂြိုဟ်ခရိုင် ဂယာစီရင်စု ငါးရွာကို မိမိပိုင် စုမတြားကျွန်းမှ ရွာငါးရွာနှင့်လဲလှယ်ပြီးတော့ နာလန္ဒာကျောင်းတော်ကြီးအား လှူဒါန်းကြောင်း တွေ့ရတာကို ထောက်ထားပြီးးတော့ သုဝဏ္ဏဒီပအမည်ကို အမှီပြုကာ သုဝဏ္ဏဘူမိဆိုတာ သုဝဏ္ဏဒီပခေါ် စုမတြားကျွန်း ဖြစ်သင့်တယ်လို့ ယူဆကြပါသေးတယ်။
အမှန်ကတော့ သုဝဏ္ဏဘူမိဆိုတာ သထုံအပါအဝင် မြန်မာပြည်အောက်ပိုင်းနှင့် ယိုးဒယား ၊ ကမ္ဘောဒီးယား၊ လာအို၊ စုမတြားစတဲ့ မြေသြဇာကောင်းလို့ ဆန်ရေစပါး ပေါ်များရကား ရွှေမြေ ၊ ရွှေတိုင်းပြည်၊ ရွှေဖြင့် ပြီးသောမြေ ဟု တင်စား ခေါ်ဝေါ်ကြတာဖြစ်တယ်လို့တော့ ဟေဋ္ဌိမ မြန်မာ့ဒေသေန အယောဇ္ဈ ကမ္ဘောဇာဒယော ၊ သမ္မတာ သောဝဏ္ဏဘူမီတိ၊ ဣတိ သလက္ခယေ ဝိဒွါ = မဟာဝိသုတာရာမ နိကာယသာသနာဝင် (၁၃၆) ကို  ကိုးကား ဆိုချင်တယ် အခြားခိုင်လုံတဲ့ ကိုးကားချက်များရှိရင်လဲ ပညာရှင်များအနေဖြင့်  ဖြည့်စွက် အတည်ပြုလိုက ပို၍ ပို၍ တိကျနိုင်ဖွယ်ရာရှိပါကြောင်း ။   ။

Sunday, February 20, 2011

ဂိလာန-မကျန်းမာသူအား ပြုစုနိုင်သူ

အောက်ပါအရည်အချင်းနဲ့ ပြည်စုံသူဟာ မကျန်းမမာဖြစ်နေတဲ့ လူနာ(ဂိလာန)ကို ပြုစုနိုင်ပါတယ်--
၁။ ဆေးကို စီရင်နိုင်စွမ်းရှိသူ၊
၂။ အနာရောဂါနှင့် သင့်တော်၏၊ မသင့်တော် ဟု သိသောသူ၊
မသင့်သည်ကို ဖယ်ထား၊ သင့်တင့်လျောက်ပတ်သည်ကိုသာ ဆက်ကပ်တက်၊ ပေးတက်သူ၊
၃။ (သင်္ကန်းစသည့်) အာမိသ ပစ္စည်းဟူသောအကြောင်းကြောင့် လူနာကို ပြုစုသည်မဟုတ် ၊ မေတ္တာစိတ်ရှိလို့သာ မငြီးမငြူ ပြုစုတတ်သူ၊
၄။ကျင်ကြီး၊ ကျင်ငယ်၊ အန်ဖတ်၊ တံတွေးစသည်ကို ထုတ်ဆောင်ရန် မစက်ဆုပ်၊ မရွံရှာတက်သူ၊
၅။ အခါအားလျော်စွာ လူနာကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျှက် ၊(တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေသူ၊
ဒီငါးမျိုးနှင့် ပြည့်စုံသူသာ ဂိလာန လူမမာကို ပြုစုနိုင်ပါတယ်လို့ ဘုရားရှင်မိန့်တော်မူထားပါတယ် ၊(မဟာဝါပါဠိတော်)

Thursday, February 17, 2011

သြဝါဒပါတိမောက် အခါတော်နေ့

၁။ တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြဝါဒ ပေးတော်မူသည်ကို အကြောင်းပြု ၍ ထိုနေ့ကို သြဝါဒ ပါတိမောက်အခါတော်နေ့ အဖြစ် ကျင်းပရခြင်း ဖြစ်ပါသည်။
၂။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်ကို သုံးသပ်ကြည့်ပါလျှင်
• အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်သောနေ့ ဖြစ်ခြင်း
• အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန် ဧတဒဂ် ရသောနေ့ ဖြစ်ခြင်း
• အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ရဟန်း ပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့ ဖြစ်ခြင်း
• ဘုရားရှင်တိုင်း သြဝါဒ ပါတိမောက် ပြတော်မူသောနေ့ ဖြစ်ခြင်း
ဤ ထူးခြားချက် လေးမျိုးကို တွေ့ရှိရပါသည်။

၃။ အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမကို သြဝါဒဟု ခေါ်ပါသည်။ ထိုသြဝါဒ မိန့်ကြားတော် မူခြင်းကို သြဝါဒ ပါတိမောက် ပြသည်ဟု ခေါ်ဆိုရပါသည်။
၄။ ပါတိမောက်သည် သြဝါဒ ပါတိမောက်နှင့် အာဏာ ပါတိမောက် ဟူ၍ နှစ်မျိုးရှိပါသည်။ သြဝါဒ ပါတိမောက်ကို မြတ်စွာ ဘုရားရှင် တို့ကိုယ်တိုင်သာ ပြတော်မူပါသည်။ တပည့်သံဃာများ ပြခွင့် မရှိပါ။ တပည့် သံဃာများသည် အာဏာပါတိမောက်ကိုသာ ပြခွင့် ရှိပါသည်။
၅။ သက်တော်ရှည်သော မြတ်စွာဘုရားရှင်တို့သည် သြဝါဒ ပါတိမောက်ကို အသက်ထက်ဆုံး ပြတော်မူကြပါသည်။ သက်တမ်း တိုသော ဘုရားရှင်တို့သည် သြဝါဒ ပါတိမောက်ကို ဝါတော် ၂၀ အတွင်း မှာသာ ပြတော်မူကြပါသည်။ လောဘ ဒေါသ စသော စရိုက်များ ထူပြောချိန်တွင် သြဝါဒ တည်မြဲရန် ခဲယဉ်းသောကြောင့် ဝါတော် ၂၀ ကျော်လျှင် တပည့်သံဃာတို့အား အာဏာ ပါတိမောက်ကို ပြစေရပါသည်။
၆။ ဘုရားရှင်တို့သည် သြဝါဒ ပါတိမောက်ကို
• တပို့တွဲ လပြည့်နေ့ ကြုံကြိုက်ခြင်း
• ဧဟိဘိက္ခု ရဟန်းချည်းသာ ဖြစ်ခြင်း
• ဆဠာဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်း ဖြစ်ခြင်း
• မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း
ဤအင်္ဂါ လေးရပ်နှင့် ပြည့်စုံမှ ပြုမြဲ ဖြစ်ပါသည်။
၇။ ဂေါတမ မြတ်စွာဘုရားသည် မဟာ သက္ကရာဇ် ၁၀၃ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံ သော ကဿပညီနော် ရှင်တထောင်၊ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာ မောဂ္ဂလာန်နှင့် တပည့် ၂၅၀ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာ သုံးပုဒ်ဖြင့် သြဝါဒ ပါတိမောက် ကို ပြတော်မူပါသည်။
၈။ သြဝါဒ ပါတိမောက် ဂါထာသည် သီလ၊ သမာဓိ၊ ပညာကို ဟောကြားထား၍ ပိဋကတ် သုံးပုံ အနှစ်ချုပ် တရားဟု ခေါ်ပါ သည်။ သြဝါဒ ပါတိမောက် ဂါထာအတိုင်း လိုက်နာ ကျင့်ကြံပါက ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးလိမ္မာပြီး အိုနာသေ လွတ်ရာ နိဗ္ဗာန်သို့ မလွဲမုချ ရောက်နိုင်ကြပါသည်။

သြဝါဒ ပါတိမောက် ဂါထာတော်များမြန်မာပြန်

၁။ ခန္တီကျင့်သုံး အမြတ်ဆုံး ရှေးထုံး လိုက်နာအပ်
၂။ နိဗ္ဗာန်ဓာတ်သား အမြတ်ထား ဘုရားမိန့်တော်မှတ်
၃။ ပဗ္ဗဇိတ မှန်တုံက လုံး၀ မညှင်းအပ်
၄။ ညှင်းဆဲပါက သမဏ လုံး၀ မခေါ်အပ်

အကုသိုလ်ရှောင် ကုသိုလ်ဆောင် ဖြူအောင် စိတ်ကိုထား
ဘုရားတိုင်းသာ ဟောမိန့်မှာ သုံးဖြာ သည်စကား
ဘုရားတပည့် ထားသတိ ပွားဘိ ဤတရား

၁။ သူ့ကို စွပ်စွဲ မပြုဘဲ နှုတ်လဲ စောင့်နိုင်စေ။
၂။ သူ့ကိုညှင်းဆဲ မသတ်ဘဲ ကိုယ်လဲ စောင့်နိုင်စေ။
၃။ ပါတိမောက်ထုံ ဣန္ဒြေခြုံ လုံအောင် စောင့်နိုင်စေ။
၄။ စားသည့်အစာ တိုင်းအတာ မှန်စွာသိပါစေ။
၅။ နေသည့်အခါ ဆိတ်ငြိမ်ရာ မှန်စွာရှိပါစေ။
၆။ အဓိစိတ္တ၊ အာယောဂ လုံ့လရှိကြစေ။
၇။ ဗုဒ္ဓဆုံးမ သြဝါဒ လောကကျင့်နိုင်စေ။

(ဓမ္မပဒ၊ ဌ၊ ဒု၊ နှာ ၁၅၃)

Saturday, February 5, 2011

ကထိန်

ကထိန်ခင်း
ဝါဆိုလပြည့်ကျော် (၁)ရက်နေ့၌ ဝါကပ်၍ (ဝါမပျက်စေဘဲ) သီတင်းကျွတ်လပြည့်နေ့၌ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ သင်္ကန်းတစ်ထည် ဖြစ်စေ၊ အများဖြစ်စေ "ဣမံ စီဝရံ သံဃဿ ဒေမိ" ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏" ဟု လျှောက်ထား၍ လှူရ၏ ။သင်္ကန်းကို သင်္ကန်းမရှိသော ရဟန်းအား ပေး၍ ထိုရဟန်းက (ဝိနည်းထုံးစံအရ) ကထိန်ခင်းရ၏ ။ သံဃာအားလုံး သင်္ကန်းပြည့်စုံလျှင် အကြီးဆုံးမထေရ်အား ပေး၍ ထိုမထေရ်ကြီးက ကထိန်ခင်းရ၏ ။ ထိုကထိန်ကို ဝမ်းမြောက်ကြေနပ်ပါကြောင်းပြောသော ရဟန်းများလည်း ကထိန်ခင်းသော ရဟန်းနှင့်အလားတူ ရသင့်သော အကျိုးများကို ရကြ၏ ။ ရသင့်သော အကျိုးများကို စာလာအတိုင်း သိလိုသူတို့ စာတော်သော ဆရာသမားထံ မေးကြပါလေ။

ယခုခေတ်ကထိန်
အစပထမ၌ ကထိန်အလှူသည် သင်္ကန်းအလှူပင်ဖြစ်၏ ။ နောက်မှ သင်္ကန်း၏အခြံအရံအဖြစ်ဖြင့် အခြားလှူဖွယ် အများပါဝင်လာ၏ ။ ထိုအခြားလှူဖွယ်များတွင် ကျောင်းတွင် မရှိမဖြစ်သော ပစ္စည်းမျိုးဆိုလျှင် သင့်တော်ပါသေး၏။ ယခုသော် ပဒေသာပင်သီး၍ လှပအောင် တိုလီမိုလီ ကလေးတွေ များလှ၏ ။ ပဒေသာပင်တစ်ပင်လျှင် (၅၀) တန် ၊(၁၀၀) တန် စသည်ဖြင့် ဂုဏ်ယူကြ၏ ။ ကျောင်းရောက်သော် အသုံးမကျလှ။ လူတွေမှာလည်း အကုန်မနည်းချေ။ ဒီအထဲမှာ ပွဲတွေ ကိုလည်း ထည့်လိုက်ရသေး၏ ။ ပွဲလမ်းအတွက် ကုန်ကျစရိတ်နှင့် အသုံးမဝင်သော တိုလီမိုလီ အတွက် ကုန်ကျငွေကို နုတ်လိုက်လျှင် ကျောင်း၌ အသုံးဝင်သော သင်္ကန်း စသည်၏ တန်ဖိုးမှာ ငါးပုံတစ်ပုံမျှ ပါကောင်းပါပေလိမ့်မည်။
ဤကထိန်ပွဲတွင် အသားတင် အကျိုးရကြသူတို့ကား စောင်၊ ကော်ဇော၊ ဓါတ်မီး စသော နိုင်ငံခြားပစ္စည်းရောင်းသူ နိုင်ငံခြား ကုန်သည်ကြီးများပင်တည်း။ မှန်၏ ။ ကထိန်ခေတ်၌ နိုင်ငံခြားဆက်ရသော ငွေတွေမှာ သိန်းပေါင်းအတော်များများပင် ရှိပေလိမ့်မည်။ ရန်ကုန်မြို့၌ ကထိန်လှည့်လည်သည်ကို ကြည့်ရှု့နေသော ပေါက်ဖေါ်သူဌေးတစ်ယောက်က မြန်မာလူကြီးတစ်ယောက်အား "ခင်ဗျားတို့လည်း အရမ်းမဲ့ အလှူတွေ မရှိလျှင်၊ ကျွန်တော်တို့လည်း ဘိန်းရှုသူတွေ မရှိလျှင် ကြွယ်ဝချမ်းသာသော နိုင်ငံ ဖြစ်မည်ဟု ပြောသတဲ့။

ဉတ်မကြီး
ယခုခေတ် ကထိန်ခင်းကြရာ၌ " ညှပ်မကြီး" ခေါ်သော လှူဖွယ်ပစ္စည်းများ သီးခြားပါလာသည်ကို တွေ့ရ၏ ။ ကထိန်ခင်းမည့် သင်္ကန်းကို မရှိနွမ်းပါးသော ရဟန်းအား (သို့မဟုတ်) အကြီးဆုံးမထေရ်အား ပေးသည့်အခါ " ဉတ်" ဟုခေါ်သော ပါဠိတစ်မျိုးဖြင့် ပေးရ၏ ။ ထိုသင်္ကန်းကို " ဉတ်သင်္ကန်း" ဟု ခေါ်ကြ၏ ။ ထို ဉတ်သင်္ကန်း၏ အခြံအရံဖြစ်သော လှူဖွယ်များကို "ဉတ်မကြီး" ဟု ခေါ်ကြသည်။ ယခုအခါ ညှပ်မကြီး ဟု တချို့က ခေါ်နေကြသည်။ ထို ဉတ်မကြီးတွင် ပါဝင်သော ပစ္စည်းများသည် အလှူ့ဒကာများက " မည်သည့်ပစ္စည်းသည် ကျောင်းတိုက် သံဃိကပါဘုရား၊ မည်သည့်ပစ္စည်းက ဉတ်သင်္ကန်း ခံယူသော ပုဂ္ဂိုလ် အတွက်ပါဘုရား" ဟု ခွဲခြား၍ မလျှောက်လျှင် အားလုံးပစ္စည်းများ ဉတ်သင်္ကန်း ရသူနှင့်သာဆိုင်၏ ။

ဉတ်မကြီးရသူ
ယခုခေတ်၌ကား သင်္ကန်းရှားပါးသူတို့ မရှိသောကြောင့် အများအားဖြင့် အကြီးဆုံးသောပုဂ္ဂိုလ် ဉတ်သင်္ကန်း ပေးကြရ၏ ။ ဉတ်မကြီး ပစ္စည်းများလည်း ပုဂ္ဂိုလ်ကြီးသာ ရလေ့ရှိ၏ ။ ထိုသို့ရရာ၌ အကြီးပုဂ္ဂိုလ်သည် တိုက်တာသံဃာ အားလုံးကို ကြည့်ရှု့ကျွေးမွေးနေသော ပုဂ္ဂိုလ်ဖြစ်လျှင် တော်ပါသေး၏ ။ သူတစ်ပါးတည်း ခံစားနေသော ပုဂ္ဂိုလ်ဖြစ်လျှင် ထိုအလှူမျိုးသည် စနစ်မကျချေ။ ယခုအခါ များစွာသော ကျောင်းတိုက်တို့၌ အကြီးပုဂ္ဂိုလ်ဆိုတိုင်းလည်း သံဃာနှင့် ဝေမျှ သုံးစွဲသော ပုဂ္ဂိုလ် မဟုတ်ချေ။

သံဃိကစစ်မှကထိန်မြောက်
"ကထိန်သင်္ကန်း" ဟူသည် ဆရာတော်တစ်ပါး၊ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးမျှကို ရည်စူး၍ လှူရသော သင်္ကန်းမဟုတ်။ သံဃာတော်အားလုံး ကို ရည်စူးမှ (တတ်နိုင်ပါလျှင် တစ်သာသနာလုံးရည်စူးမှ) သံဃိက အစစ် ဖြစ်နိုင်၏ ။ ယခုကာလ၌ကား မိမိကြည်ညိုသောဆရာတော် ကျောင်းထိုင်ဘုန်းကြီးကို ရည်စူး၍ ကထိန်သင်္ကန်း လှူမိတတ်၏ ။ ထိုသို့ ပုဂ္ဂိုလ်တစ်ပါးကို ရည်စူးထားလျှင် သံဃိက မဟုတ်။ သံဃိက မဟုတ်ပြန်လျှင် ကထိန်သင်္ကန်း အရာလည်းမဝင်နိုင်။ ဉတ်မကြီး၌ ထည့်ထားသော လှူဖွယ်များလည်း နဂိုကပင် ဆရာတော်အား ရည်စူးပြီး ဖြစ်တတ်လေ၏ ။ ထိုသို့ဖြစ်လျှင် အားလုံးသံဃိက အလှူမဟုတ်။ ပုဂ္ဂိုလ်တစ်ပါးအတွက် ပုဂ္ဂလိကသာ ဖြစ်နေပေလိမ့်မည်။ထို့ကြောင့် ကထိန်ခင်းရာ၌ ဆရာတော်များသည် သံဃိက စစ်စစ် ဖြစ်အောင် ဟောပြောသင့်၏ ။ သင်္ကန်းများကို အခြားကျောင်းတိုက်မှ ပင့်ထားသော သံဃာများအား ခွဲခြား၍ လှူလိုသေးလျှင် ဤကျောင်းတိုက်ရှိ သံဃာများကျေနပ်အောင် ခွင့်တောင်းပြီးမှသာ လှူရလိမ့်မည်။ သို့မဟုတ်လျှင် ရေစက်ချစဉ်ကပင်၊ ဤကျောင်းတိုက်အတွက် သံဃိက၊ ပင့်သံဃာများအတွက် ပုဂ္ဂလိက ဟု ခွဲခြားလှူဒါန်းသင့်သည်။ ဤအကြောင်းအရာများကို လူအများနားလည်မည် မဟုတ်သောကြောင့် ဆရာသမားတို့က နားလည်အောင် ပြောပြသင့်ကြပါသည်။

လက်တွေ့အပြစ်
ကထိန်ခင်းခြင်း၏ စည်းကမ်းမကျမှု့ကြောင့် မျက်မြင်အပြစ်များ တွေ့နေရသည်မှာ သံဃာ အနည်းငယ်သာရှိသော ကျောင်း၌ မဲကျသောကြောင့် တစ်ထောင်တန် ဉတ်မကြီးဖြင့် အတီးအမှုတ် ပွဲလမ်းသဘင် ကျင်းပ၍ တပျော်တပါး သွားကြ၏ ။ ကထိန်ပြီးလျှင်ထိုကျောင်း၌ ဓားပြတိုက်သည်ဟု ကြားရတတ်သည်။ သို့မဟုတ် ကထိန်ရသော ဘုန်းကြီးသည် ထိုပစ္စည်းတွေကို ရောင်း၍ လူထွက်လေပြီဟု ကြားရတတ်သည်။ သို့မဟုတ် နီးစပ်ရာ ဒကာ ဒကာမများနှင့် ဆွေမျိုးဉာတိတို့ ခွဲဝေယူတတ်ကြ၏ ။ သံဃာများသော်လည်းသံဃာကို ဝေလေ့မရှိသော ပုဂ္ဂိုလ်ကြီးများ ကထိန်ရရာ၌လည်း ဤနည်းနှင်နှင်တည်း။
ထိုချို့ယွင်းချက်များ မဖြစ်စေကာမူ ပဒေသာပင်၌ပါလာသော စောင်၊ ကော်ဇော၊ ခြင်ထောင်၊ နာရီ၊ စားပွဲ နှင့် ကုလားထိုင် စသောအလှအပ အခမ်းအနားတွေကို သိမ်းဆည်းရ နေရာချထားရသဖြင့် နဂိုက တရားနှင့် စာပေနှင့် နေသော အရှင်မြတ်တို့မှာ အနှောင့်အယှက် သဖွယ် ဖြစ်နေတော့၏ ။ ထို့ပြင် ဘာသာရေး ကိစ္စဆို၍ တခြိမ့်ခြိမ့်ကျင်းပကာ အတီးအမှုတ်မြိုင်စွာနှင့် လှူဒါန်းရန် သွားကြခြင်းမှာလည်း အလွန်တိတ်ဆိတ်ခြင်းကို လိုလားတော်မူ၍ တောကျောင်းများ၌သာ မွေ့လျှော်တော်မူသော ဗုဒ္ဓရှင်တော်၏ အလိုကိုမဆိုထားဘိ၊ ယခုခေတ် သူတော်၊ သူမြတ်တို့၏ အလိုမျှလည်း မကျချေ။

ကထိန်ပြုပြင်ရေး
ဤ ဖော်ပြခဲ့သော အပြစ်များကို နားလည်ကြကုန်သော ဗုဒ္ဓဥပါသကာ၊ ဥပါသိကာမတို့သည် ဒူးနေရာဒူး တော်နေရာတော် ဆိုသလိုဘာသာရေးကိစ္စ၌ ပွဲလမ်းသဘင် အပျော်အပါးကိုလည်း ရှောင်ရှားဖို့ရန် တောင်ပန်လိုပါသည်။ မိမိတို့ အလှူဝတ္ထုနှင့် ကျောင်းမှာအသုံးတည့်မတည့်၊ အသုံးတည့်ပြန်လျှင် သာသနာရေးဆိုင်ရာ ပရိယတ် ပဋိပတ်ကို အားပေးရာ ရောက်မရောက်ကိုလည်းကောင်း၊အကျိုးမများလှသော အသုံးအဆောင် ပစ္စည်းများအတွက် နိုင်ငံခြားသို့ တိုင်းပြည်မှ ငွေများ မထွက်စေဖို့ကိုလည်းကောင်း သတိပြုစေ
လိုသည်။ထို့ကြောင့် ကထိန်ခေတ်ရောက်၍ လှူတော့မည်ကြံလျှင် သင်္ကန်းအလှူသည် ဗုဒ္ဓရှင်တော်၏ ပထမ ရည်ရွယ်တော်မူချက်ဖြစ်ကြောင်းသတိပြု၍ ကျောင်းတိုက်သံဃာများ သင်္ကန်းအခြေအနေကို စဉ်းစားသင့်၏ ။ စဉ်းစားရုံနှင့် မပြီးနိုင်ပါလျှင် ပြည့်စုံ မပြည့်စုံ မေးမြန်းလျှောက်ထားသင့်၏ ။ ထို့နောက် တတ်နိုင်သေးလျှင်ကား ဖိနပ်အတွက်စဉ်းစားသင့်၏။ထိုပစ္စည်းများပြည့်စုံကြသည်ဟုဆိုလျှင်ဆောင်းဝင်တော့မည်ဖြစ်၍ခြုံထည်စဉ်းစား
သင့်၏ ။ ဖျင်ဧကသီသည် အလွန်အသုံးဝင်သော ခြုံထည်ဖြစ်နိုင်၏ ။ ဖျင်ဧကသီ ကျကျနန ဆိုလျှင် ရုံ၍ ဖြစ်၊ ရန်း၍ ဖြစ်၊ ဆောင်းအခါတွင် ခြုံစရာလည်းဖြစ် တစ်ချက်ခုတ် သုံးချက်ပြတ်အကျိုးရမည်။
ထို့ထက်ပိုလျှင်လည်း ပရိယတ်ကို အားပေးရာရောက်အောင် စာအုပ်၊ ခဲတံ၊ မှင်အိုး အစရှိသည်ကိုလည်းကောင်း၊ ခပ်မြန်မြန် အသုံးဝင်မည့် ကျမ်းစာအုပ်ကိုလည်းကောင်း စဉ်းစားသင့်၏ ။ ထို့ထက် ပိုပြန်လျှင် နေ့စဉ် အသုံးဝင်နိုင်သော ပရုတ်ဆီ၊ လျှက်ဆား၊ဝမ်းနုတ်ဆေး စသော ဆေးများကိုလည်းကောင်း၊ သပိတ်ဆေး၊ အဝတ်လျှော်၊ ရေချိုးရန် ဆပ်ပြာကိုလည်းကောင်း စဉ်းစားသင့်၏ ။ထိုမှတစ်ပါး လူအများမြင်၍ သင့်တော်သော ကျန်းမာရေးလည်း ညီညွတ်သော အခြားအသုံးအဆောင် လိုရာကိုလည်း စဉ်းစားသင့်၏။ဆွမ်းကို မကျွေးသော်လည်း ကိစ္စမရှိ၊ စာသင်တိုက်ဖြစ်လျှင် ဆွမ်းကျွေးမည့်အစား ဆန်၊ ဆီ စသည်က သာ၍ အသုံးဝင်၏ ဤသို့စသည်ဖြင့် ကထိန် အလှူဒါနကို ကာလဒေသလိုက်၍ ထိုက်သင့်သလို သာသနာအားပေးသော ကုသိုလ်ဖြစ်အောင် အနာဂတ်ကာလ၌ ကုသိုလ်ဖြစ်အောင် ကျေကျေနပ်နပ် ပြုပြင်ကြပါကုန်။

Friday, February 4, 2011

ဒုလႅဘတရား ငါးပါး

ဝေသာလီပြည် သာရန္ဒဒနတ်ကွန်း လိစ္ဆ၀ီမင်းတွေ အစည်းအဝေးမှာ အချင်းချင်းပြောဆို ဆွေးနွေးကြတဲ့အထဲ လောကမှာ ရဘို့ ခဲယဉ်းတဲ့ အရာတွေထဲမှာ ၁။ ဆင်ရတနာ ၂။ မြင်းရတနာ ၃။ ပတ္တမြားရတနာ၊ ၄။ သူဌေးကြီးရတနာ ၅။ မိန်းမရတနာတွေ ရဘို့ခဲယဉ်းတယ်ဆိုပြီးတော့ ဆွေးနွေး ပြောဆိုနေကြပါတယ် ၊ စည်းဝေးတိုင်ပင်နေကြပေမဲ့ လူတစ်ယောက်ကိုတော့ မြို့တွင်းမှာလွှတ်ပီးတော့ ဘုရားရှင်ကြွလာရင် လာပြောဘို့ လွှတ်ထားပါသတဲ့ ၊ ဘုရားရှင်ကိုယ်တော်မြတ်လဲ ဝေသာလီမြို့ထဲ ဆွမ်းခံကြွလာရော အဲဒီလူက လိစ္ဆ၀ီမင်းတွေကို အကြောင်းကြားတယ်ဆိုရင်ဘဲ ဘုရားရှင်ထံ လာပြီးတော့ ဘုန်းတော်ကြီးသော မြတ်စွာဘုရား တပည့်တော်တို့ကို သနားသောအားဖြင့် တပည့်တော်များ စည်းဝေးရာ သာရန္ဒဒ နတ်ကွန်းသို့ ကြွတော်မူပါဘုရား လို့ လျှောက်ထားကြလို့ မြတ်စွာဘုရားကြွတော်မူပါတယ် နတ်ကွန်းကိုရောက်တော်မူတဲ့အခါ ဘုရားရှင်ကိုယ်တော်မြတ်က "လိစ္ဆ၀ီတို့ ...ဘာအကြောင်းအရာတွေများ စည်းဝေး ဆွေးနွေးနေကြသတုန်း"- ဆိုတော့ အထက်ပါ ရတနာ ငါးမျိုးရခဲကြောင်း ဆွေးနွေးပါတယ်ဆိုတာ လျှောက်ထားကြတဲ့အခါ ဘုရားရှင်ကိုယ်တော်မြတ်က - "လိစ္ဆ၀ီတို့ - လောကမှာ ကာမဂုဏ်ဘက် လိုက်စား တဲ့သူတွေက ကာမဂုဏ်နဲ့ဆက်စပ်တဲ့စကားကို ပြောကြဆိုကြတယ် ၊ လောကမှာ တကယ်ရခဲတဲ့ အရာ ငါးပါးက ဘာလဲဆိုရင် ...
၁။ ဘုရားရှင်ကိုယ်တော်မြတ်များ ပွင့်တော်မူဘို့ ခဲယဉ်းတယ် ၊
ဘုရားတစ်ဆူပွင့်ဘို့ဆိုတာ ကမ္ဘာပေါင်း အသင်္ချေများစွာ ပါရမီဖြည့်ဆည်းမှ ပွင့်တော်မူတာ ဒါတောင်ပွင့်ချင်တိုင်း ပွင့်လို့ မရဘူး ၊ ကာလ ၊ ဒေသ ၊ ဒီပ ၊ မာတု ၊ အာယု ပရိစ္ဆေဒ ၊ အင်္ဂါ ငါးပါး ကြိုတင်ကြည့်မြင် ပြည့်စုံမှ ပွင့်လို့ရတာ၊ အလွန်းခဲယဉ်းပါတယ် ၊
၂။ ဘုရားရှင်ဟောတော်မူတိုင်း ပြန်လည်ဟောပြတဲ့ သူဟာ လောကမှာ ဒုလ္လဘဘဲ ရခဲတယ် ၊
ဘုရားတရားတော်ဆိုတာ ကံထူးတဲ့သူတွေမှ နာယူနိုင်တာ၊ ဘုရားရှင်တရားက ရှိလို့ ဟောတဲ့ပုဂ္ဂိုလ် ဟောနိုင်တယ်ဘဲထားဦး နာယူမဲ့သူတွေက ရပ်ပြစ်ရှစ်ပါးလွတ်နေမှ နာယူနိုင်ပါတယ် ၊ ပမာပြောရရင် နာယူမဲ့ကိုယ်က နားမကြား ဆွံ့အ ဥာဏ်စဉ်မမီဖြစ်နေရင် ၊ ဘာသာခြားအယူရှိနေရင် ဘယ်လိုမှ နာယူနိုင်မှာ မဟုတ်ဘူး၊ ခဲယဉ်းပါတယ်၊
၃။ မြတ်စွာဘုရားတရားတော်ကို နာယူနိုင်ပေမဲ့ သိနားလည်တဲ့ ပုဂ္ဂိုလ်ရရှိဘို့ ခဲယဉ်းတယ်၊
၎။ မြတ်စွာဘုရားတရားတော်ကို နာယူ သိနားလည်းပေမဲ့ သိသည့်အတိုင်း ကျင့်ကြံအားထုတ်နိုင်တဲ့သူ ရဘို့ ခဲယဉ်းပါတယ် ၊
၅။ သူတစ်ပါးကိုယ့်အပေါ် ပြုဘူးတဲ့ကျေးဇူးကို သိတဲ့သူ၊ သိသည့်အတိုင်း ကျေလည်အောင် ဆပ်နိုင်တဲ့သူ အလွန်ရရှိဘို့ ခဲယဉ်းတယ်၊" ဆိုပြီးတော့ ဒုလ္လတရား ငါးပါးကို ဟောတော်မူပါတယ် ။
လောကမှာ မိဘ ဆရာသမား ရတနာသုံးပါးကတော့ တကယ့်ကို ကျေးဇူးတင်ထိုက် ၊ ကျေးဇူးဆပ်ထိုက်တဲ့ သူတွေပါဘဲ၊ အထူးသဖြင့် သံဃာတော်တွေဟာ အင်မတန်ကို ကျေးဇူးကြီးမားပါတယ် ၊၊ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း ဒီသံဃာတော်တွေကသာ မကြိုးပမ်းခဲ့ရင် ဒီသာသနာတော်ကြီးကွယ်တာ ကြာပေါ့ ၊ ဒီသာသနာတော်မှ ရရှိမည့် လောကီ၊ လောကုတ္တရာ အကျိုးတွေလဲ ရရှိခံစားရတော့မှာ မဟုတ်တော့ဘူး၊ ထို့ကြောင့် ရခဲတဲ့အရာများကို ရရှိပြည့်စုံပြီးတော့ ကျေးဇူးသိ ၊ ကျေးဇူးဆပ်နိုင်သူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း.....။( အင်္ဂုတ္တရ နိယာယ် ၊သာရန္ဒဒသုတ်)

Saturday, January 8, 2011

အမေ

ကဗျာလေးတစ်ပုဒ် " အမေ " တဲ့ ကြိုက်လွန်းလို့ အပြင်စီး စာအုပ်ထဲက မလေး (ဆေးတက္ကသိုလ်)ရေးထားတာ....
မိုးသဲတဲ့နေ့ တစ်နေ့
မိုးရေ စိုရွှဲ
ကျမကျောင်းက ပြန်ခဲ့တယ်...
မမ...
ကျောင်းအသွား
ထီးနဲ့ မိုးကာ ဘာလို့ယူမသွားတာလဲ..။
ကိုကို..
ဘာများ ဒီလောက်အရေးတကြီး
မိုးစဲတဲ့အထိစောင့်ပါ့လား..။
အဖေ...
မိုးမိလို့ အဖျားတက်
ကျောင်းပျက်တော့မှ သိလိမ့်မယ်..။
အမေ....
အနားကို တိုးတိုးခေါ်
သူ့မျက်နှာသုတ်ပုဝါ ..အမွေးမပွတပွ
ကျမခေါင်းကို ဖွဖွလေး သုတ်ပေးရင်း
အော်...ဆိုးလိုက်တဲ့မိုး
အငြှိုးတကြီး
ငါ့သမီးလေး အိမ်ရောက်တဲ့ အထိများ
စောင့်လိုက်ပါတော့လား......တဲ့ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~